စစ်ကိုင်းမြို့တွင် အိမ်တိုင်းနာရေးဖြစ်နေပြီး မန္တလေးကို အလောင်းထည့်ပေး၍ သင်္ဂြိုလ်နေရ

preview_player
Показать описание
စစ်ကိုင်းမြို့တွင် အိမ်တိုင်းနာရေးဖြစ်နေပြီး မန္တလေးကို အလောင်းထည့်ပေး၍ သင်္ဂြိုလ်နေရ
* * * * *

အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းမြို့တွင် အိမ်တိုင်းနာရေးဖြစ်နေပြီး စစ်ကောင်စီတပ်က သင်္ချိုင်းသို့ သွားရာလမ်းကို ဘူဒိုဇာဖြင့်ထိုးထားသဖြင့် အလောင်းများကို မန္တလေးသို့ကားများဖြင့် ပို့ဆောင်သင်္ဂြိုလ်နေရသည်ဟု ဒေသခံများထံမှ သိရသည်။

သေဆုံးသူများစုမှာ စစ်ကိုင်းတံတားဟောင်းအနီးရပ်ကွက်များမှဖြစ်ပြီး မင်းလမ်းရပ်ကွက်တစ်ခုတည်းတွင်ပင် လူဦးရေ(၁၀၀)ကျော် သေဆုံးထားပြီဖြစ်ကာ မြို့ပေါ်ရပ်ကွက်တိုင်း အိမ်အကောင်းမကျန်တော့ဘဲ ကယ်ဆယ်ရေး လုပ်ပေးနိုင်သည့် မီးသတ်ရုံးမှာလည်း သူတို့ကိုယ်သူတို့ ပြန်ကယ်နေရသည့် အခြေအနေရောက်နေသည်ဟု ဆိုသည်။

“မြို့ပေါ်ရပ်ကွက်ဆိုတာ ကျိုးသွားတဲ့ တံတားအဟောင်းနားက ရပ်ကွက်တွေပါ။ လူအသေအဆုံးက အတော်များသလို သင်္ဂြိုလ်စရာ သင်္ချိုင်းမရှိလို့ ကားတွေပေါ် အလောင်းတွေစုပြီး တံတားသစ်ပေါ်ကနေ မန္တလေးကို ထည့်ပေးလိုက်ရတဲ့အနေအထားပါ။ အခုထိ အလောင်းတွေ မကုန်သေးသလို အများကြီး ကျန်ပါသေးတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ကိုင်းမြို့ရှိ စစ်ကောင်စီတပ်မ (၃၃)ဘေးတွင် စစ်ကိုင်းမြို့၏ သင်္ချိုင်းကိုသွားသောလမ်းဖြစ်ပြီး အဆိုပါလမ်းသည် ရှိန်းမကားနှင့် မင်းကွန်းဘက်သို့ သွားလာနိုင်သဖြင့် စစ်ကောင်စီတပ်က ဘူဒိုဇာနှင့်ထိုး၍ ဖျက်ဆီးထားခြင်းဖြစ်သည်ဟု ဆိုသည်။

“ခရိုင်ချင်းဆက်လမ်းတွေပါ။ တပ်မ ၃၃ နဲ့နီးနေတာကြောင့် စစ်တပ်က ဘူဒိုဇာနဲ့ကုတ်ထားတာ လပေါင်းအတော်ကြာပါပြီ။ သေရင် မန္တလေး အမရပူရ ဘုံးအိုးရွာမှာ သွားသင်္ဂြိုလ်ရတာ တစ်နှစ်နီးပါးရှိပြီ။ အခု အလောင်းတွေဆွဲထုတ် ကားပေါ်တင်ပြီး စစ်ကိုင်းတံတားသစ်ကနေ သွားနေကြရတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

သို့သော်လည်း စစ်ကိုင်းတံတားသစ်၏ ယှဉ်းကပ်လမ်းများ ကွဲအက်သွားခြင်းနှင့် ကြံခိုင်မှုမကောင်းခြင်းတို့ကြောင့် မိသားစုဝင်များ လိုက်ပါ၍မရဘဲ အစ္စလာမ်ဘာသာဝင်များမှာလည်း ဘာသာရေးအရ သင်္ဂြိုလ်ခွင့်မရ ဖြစ်နေသည်ဟု ဆိုသည်။

“ဘယ်သူမှ လိုက်မရပါဘူး ဘယ်မိသားစုမှ လိုက်လို့မရဘူး။ မင်းလမ်းရပ်ကွက်က မွတ်စလင်များတဲ့ရပ်ကွက်ပါ ဖြစ်တဲ့အချိန် ဗလီဝတ်ပြုချိန်မလို့ အကုန်ပြိုတာပါ။ ဗလီတွေက ပြင်ဆင်ခွင့်မရထားတော့ ဖြစ်တဲ့ချိန် အကုန်ပြိုပါတယ်။ အလောင်းတွေက ကားပေါ်ပုံတင်လိုက်ရတာပါ။ အလောင်းကိုတင်ပြီး ဒီဖက်မှာငိုပြီး ကျန်ခဲ့ရတာပါ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

စတင်ဖြစ်ပွားချိန်က ရဲအင်အားအနည်းငယ်ဖြင့်သာ လာရောက်ရှင်းလင်းခြင်းသာရှိပြီး ပစ္စည်းလည်း မစုံလင်သည့်အပြင် ပြိုကျ၍ ပိတ်မိသူများကိုလည်း မကယ်ထုတ်နိုင်ဖြစ်ခဲ့ရသည်ဟု ဆိုသည်။

“မနေ့ကအထိ ဗလီတွေထဲက အလောင်းတွေ ဆွဲထုတ်လို့ မကုန်သေးပါဘူး။ ကယ်ဆယ်ရေးလုပ်တာက လမ်းပေါ်က အပြိုအပျက်တွေလောက် နည်းနည်းပဲ လုပ်နိုင်ပါတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

မင်းလမ်းရပ်ကွက်မှာ ကျိုးသွားသည့် စစ်ကိုင်းတံတားဟောင်းအောက် ရပ်ကွက်ဖြစ်ပြီး မြို့တော်၊ မိုးကျ၊ မြို့မနှင့် မင်းလမ်းရပ်ကွက်ရှိ ဗလီများတွင် ဝတ်ပြုနေသူအများစုသေဆုံးရသည့်အပြင် စစ်ကိုင်းတောင်ရိုးဖက်ရှိ သံဃာတော်များနှင့် သီလရှင်များလည်း ထိခိုက်သေဆုံးသူများသည်ဟု သိရသည်။

စစ်ကိုင်းမြို့ကို ဆက်သွယ်ထားသည့် လမ်းများပျက်စီးခြင်း၊ စစ်ကိုင်းမြို့နှင့် အနီးဆုံးဖြစ်သော မန္တလေးမြို့မှာလည်း အပျက်အစီးများခြင်းနှင့် စစ်ကိုင်းမြို့အောက်ဖက်ရှိ မုံရွာနှင့် ရွှေဘိုတို့မှာလည်း တိုက်ပွဲဖြစ်ပွားရာမြို့များဖြစ်နေသဖြင့် ကယ်ဆယ်ရေးနောက်ကျနေသည်။

“မြစ်ဘေးနီးတဲ့ ရပ်ကွက်တွေ၊ မြို့အလည်တည့်တည့် ရပ်ကွက်တွေနဲ့ စစ်ကိုင်းတောင်ရိုးနီးတဲ့ ရပ်ကွက်တွေ အကုန်နီးပါးလိုလို ပျက်စီးပါတယ်။ မင်းလမ်းရပ်ကွက်ထဲမှာ ပုပ်စော်နံနေပါတယ်။ အလောင်းတွေကုန်အောင် မဆွဲထုတ်နိုင်သေးဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် မုံရွာပရဟိတလူမှုရေးအသင်းအဖွဲ့များနှင့် မီးသတ်တပ်ဖွဲ့များ စစ်ကိုင်းမြို့ကို ယမန်နေ့ ညနေပိုင်းက စတင်ရောက်ရှိ၍ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသော်လည်း အကူအညီများစွာ လိုအပ်နေသည်ဟု ဆိုသည်။

မြန်မာနိုင်ငံအတွင်း ၂၀၂၅ခုနှစ် မတ်လ (၂၈)ရက်နေ့ မြန်မာစံတော်ချိန် နေ့လယ်(၁၂)နာရီ (၅၁)မိနစ် (၀၂)စက္ကန့် အချိန် က မန္တလေးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၂၁)ကီလိုမီတာခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မန္တလေးမြို့၏ အရှေ့ မြောက်ဘက် (၂၀) ကီလိုမီတာခန့်အကွာ)တွင် အင်အား ရစ်(ခ်)တာစကေး (၇.၇) အဆင့်ရှိသည့် အင်အားအလွန်ပြင်းထန် ငလျင်လှုပ်ခတ်သွားခြင်းဖြစ်သည်။

မြန်မာနိုင်ငံတဝှမ်းလုံးနီးပါး ငလျင်ဒဏ်ကို ခံစားခဲ့ရပြီး မန္တလေး၊ စစ်ကိုင်း၊ မကွေးနှင့် ရှမ်းတောင်တို့တွင် အပျက်အစီးများကာ လူထိခိုက်သေဆုံးမှုများနေသည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ မန္တလေးတိုင်းအတွင်း အင်အားပြင်းငလျင်ဒဏ်ကြောင့် လူပေါင်း(၁၆၄၄)ဦး သေဆုံးပြီး (၃၄၀၈)ဦး ဒဏ်ရာရကာ (၁၃၉)ဦး ပျောက်ဆုံးနေသည်ဟု ဆိုသည်။

#TachileikNewsAgency
Video: စစ်ကိုင်းမြို့တွင်း အခြေအနေ (Internet)

▬▬▬Tachileik News Agency▬▬▬
#TachileikNewsAgency
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Комментарии
Автор

သူတို့အမျိုးတွေ အောက်ပြည် အောက်ရွာမှာ ကျောင်းထိုင်ဘုန်းကြီးဖြစ်ပြီး ချမ်းသာနေတာ ကူညီနိုင်ပါစေ

kokomgmg
Автор

😭😭😭 မြန်မာပြည် ကပ်ဆိုး ဘေး ဆ်ိုး ကင်းဝေးကြပါစေ ငလျှင်ဘေး သင့် သူအားလုံး ကောင်းရာဘဝ ရကြပါစေ🙏🙏🙏

KhantThuPaing-xyhl
Автор

ကျန်တဲ့သူတွေကရော နေရဲပါ့အုံးမလား ဘုရား ဘုရား

dddd-fhe