ယနေ့လှုပ်သည့် အင်အားပြင်းငလျင်ကြောင့် မန္တလေးတွင် ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ပေါ်

preview_player
Показать описание
#မြေငလျင်သတင်း (ရုပ်သံ)
◼ ယနေ့လှုပ်သည့် အင်အားပြင်းငလျင်ကြောင့် မန္တလေးတွင် ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ပေါ်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ကိုဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့်အင်အားပြင်းငလျင်ကြောင့် မန္တလေးတွင်ထိခိုက်ပျက်စီးမှုအများဆုံးဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ယနေ့(မတ် ၂၈ ရက် ) မွန်းလွဲ ၁ နာရီ ဝန်းကျင်တွင် စစ်ကိုင်းတိုင်းကို ဗဟိုပြု၍ အင်အားရစ်(ခ်)စတာ စကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း အမေရိကန်ဘူမိလေ့လာရေးဌာန (USGS) ကထုတ်ပြန်ထားသည်။

လက်ရှိကနဦးသတင်းများအရ စစ်ကိုင်းတံတားဟောင်းကျိုးကျခဲ့ကြောင့်၊ မန္တလေးမြို့တွင် တက္ကသိုလ်အဆောက်အဦပြိုကျကာ မီးလောင်ခဲ့ကြောင်း၊ မန္တလေးမြို့ရှိမဟာမြတ်မုနိဘုရားရှိမုခ်ဦး၊ ဟိုတယ်၊ လေဆိပ်၊ နန်းမြို့ရိုးဟောင်းနှင့် တောင်သမန်တိုက်သိမ်တော်နှင့် ပိဋကတ်တိုက်၊ မဟာဗောဓိပင်စေတီတို့ပြိုကျပျက်စီးခဲ့ကြောင်းသိရသည်။

“အိမ်ကနှစ်ထပ်အိမ်ဆိုတော့ တအားလှုပ်တာ။ လှုပ်ပြီးနောက်တောင် ဆက်တုန်နေတာ။ ကလေးနဲ့ဆို တော့ဖက်ထားပြီး ထလည်းမထရဲဘူး။ ရေစင်ကြီးတွေဆိုလည်း ရေတွေလျှံကျကုန်တာ။ အိမ်က အစ်မဆို အဲဒီအချိန်သူကလမ်းမှာဆိုင်ကယ်မောင်းနေတော့ ဆိုင်ကယ်ပါမှောက်ပြီး လူပါထိခိုက်သွား တယ်” ဟု မန္တလေးမြို့မှ ဒေသခံတစ်ဦးကစံတော်ချိန်ဒစ်ဂျစ်သို့ပြောသည်။

ထို့ပြင်နေပြည်တော်တွင်လည်း သပြေကုန်းစျေးပြိုကျခဲ့ကြောင်း၊ ရန်ကုန်-မန္တလေးအမြန်လမ်းရှိ မိုင်တိုင်အမှတ် (၃၆၂) ဖာလုံအနီးတွင်လည်းကားလမ်းမြေကျွံကျမှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)ညောင်ရွှေမြို့နယ်၊ အင်းလေးကန်ရှိ ဖောင်တော်ဦးဘုရားနှင့် အောင်ပန်းမြို့ တွင်လည်း အထပ်မြင့်တိုက်တချို့ပြိုကျခဲ့ကြောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)မူဆယ်မြို့တို့တွင်လည်း နေအိမ်တချို့ပြိုကျပျက်စီးမှုများရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

အဆိုပါ ငလျင်လှုပ်ခတ်မှုဖြစ်ပွားနေစဉ်အတွင်း အချို့နေရာများ၌ ဆက်သွယ်ရေးဖုန်းလိုင်းများ ယာယီပြတ်တောက်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ယနေ့လှုပ်ခတ်ခဲ့သည့်ငလျင်ကြောင့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်တို့၌ အထပ်မြင့်တိုက်များ၊ ဈေးများ၊ လူနေအိမ်များ၊ ဟိုတယ်များ၊ ပြိုကျပျက်စီးတိမ်းစောင်းခြင်းများဖြစ်ပွားကာ လူထိခိုက်သူများနှင့်ပိတ်မိနေသူများရှိခဲ့ကြောင်း သိရသည်။

အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ လာအို၊ ထိုင်း၊ တရုတ် နိုင်ငံရှိနေရာအချို့တွင် လည်း ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများရှိခဲ့ပြီး ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ ဆောက်လက်စ အထပ်မြင့်တိုက်တစ်လုံးအပါအဝင် တခြားသော အဆောက်အဦများလည်းပြိုကျပျက်စီးခဲ့သည်။

မြန်မာနိုင်ငံအတွင်း သိသာထင်ရှားစွာလှုပ်ခတ်ခဲ့သည့်ငလျင်ကြီးများသည် လေ့လာတွက်ချက်မှု မှတ်တမ်းများအရ နှစ်ပေါင်း ၁၆၀ အတွင်းပြန်လည်လှုပ်ခတ်လေ့ရှိကြောင်း၊ ၁၉၃၀ ခုနှစ် တွင်လှုပ်ရှားခဲ့ သည့် အင်အားရစ်ချ်တာစကေး ၇ ဒသမ ၃ အဆင့်ရှိပဲခူးငလျင်နှင့် ၁၇၆၂ ခုနှစ်အတွင်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်လှုပ်ခတ်ခဲ့သည့်ငလျင်တို့သည် တစ်ကျော့ပြန်လှုပ်ခတ်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနပြောရေးဆိုခွင့်ရှိသူက စံတော်ချိန်ဒစ်ဂျစ်တယ်နှင့် အင်တာဗျူးတွင် ဖြေဆိုထားသည်။

သတင်း-အင်ကြင်း